မတ် (၂) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်မှာ မတ်လ ၁ ရက်နေ့ကစပြီး မြို့အဝင်အထွက်လမ်းတွေကို စစ်ကောင်စီတပ်က ၃ ရက်ပိတ်ထားတာကြောင့် ကျွန်းလှဒေသခံအပါအဝင် အနီးရှိကျေးရွာက ဒေသခံတွေ အခက်တွေ့နေရတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်က မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြို့အဝင်အထွက်လမ်းတွေကိုပိတ်ထားခဲ့ပြီး မန္တလေးအဝင်တစ်ခုသာ လက်ခံကာ မြို့ပတ်ပတ်လည်မှာလဲ ပျူစောထီးတွေနဲ့အုပ်ချုပ်ရေးမှူးတွေကို အလှည့်ကျကင်းစောင့်ခိုင်းကာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ဂိတ်က ၄ ဂိတ်ချထားတာ၊ တစ်ဂိတ်မှဆိုရင် ၁၀ ယောက်ကျော်တယ်၊ ဟင်းသီးဟင်းရွက်တွေ ဆန် ၊ဆီ၊ ကုန်ခြောက်တွေအားလုံးကို မြို့ပေါ်မှာပဲဝယ်ရတာ၊ အခုကမြို့တောင်အဝင်မခံတော့ ပိုခက်ခဲတာပေါ့” လို့ ကျွန်းလှမြို့အနီး ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလိုမြို့အဝင်အထွက်လမ်းတွေကို ပိတ်ထားတာကြောင့် ကျွန်းလှမြို့ကို အမှီပြုနေတဲ့ အနီးအနားကျေးရွာက ဒေသခံတွေဟာ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေမှာ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုတွေရှိလာနေပါတယ်။
ကျွန်းလှမြို့အဝင်အထွက်လမ်းကို ၃ ရက် ပိတ်ထားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်က ဘာကြောင့်ပိတ်ရလဲဆိုတာကိုတော့ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။ ကျွန်းလှမြို့ သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်းကိုလဲ ရိက္ခာဖြတ်တယ်ဆိုပြီး မကြာခဏပိတ်ဆိုမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
နော်ဖူးဖူး
