ဖေဖော်ဝါရီလ (၂၈) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်က နောင်ကျီးအောင်ရဲစခန်းတိုက်ခိုက်ခံရပြီး ရဲစခန်းဝင်းထဲက နေအိမ် (၁) လုံး မီးလောင်ခဲ့ပြီး၊ ကားများပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နောင်ကျီးအောင်ရဲစခန်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်နဲ့ ကားများပျက်စီးခဲ့တဲ့အပြင် ရဲစခန်းဝင်းထဲက ပြန်လည်ပစ်ခက်ခဲ့တာကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂ တပ်ရင်း ၃ တပ်ရင်း ၄ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“စခန်းထဲမှာ အင်အား ၅၀ ကျော် ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ တခြားထိခိုက်မှုစားရင်းကိုတော့ အတိအကျမသိရသေးဘူး။ ခဏခဏတော့သွားတိုက်တယ်။ ကျနော်တိုဘက်ကထိခိုက်တာတော့မရှိဘူး။ အခုတလော မစ်ရှင်တွေလဲဆက်တိုက်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
နောင်ကျီးအောင်ရဲစခန်း တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂၊ တပ်ရင်း – ၃၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃ တပ်ခွဲ – ၃ ဂဋ္ဌုန်နက် PDF၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄ Fight For People – F.F.P PDF၊ ကျားသစ်နက် (LPDF) ယက္ခညီနောင် (LPDF) မုံရွာခရိုင် တပ်ရင်း – ၁၈ တို့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှာလဲ ဘုတလင်မြို့နယ် စီးပွားရေးဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား(၃)ဦးသေဆုံးခဲ့ပါတယ်။
နော်ဖူးဖူး