ဖေဖော်ဝါရီလ (၂၈) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြီးတဲ့နောက်ပိုင်းမှာ ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြာအင်းဆိပ်ကြီးမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတာကြောင့် ညဘက်တွေမှာ ဆိုင်ဖွင့်ပြီးဈေးရောင်းတဲ့လူတွေ၊ အလုပ်နောက်ကျမှ ပြန်တဲ့သူတွေအနေနဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ညဘက်ဈေးရောင်းတဲ့ ဈေးသည်တစ်ဦးက အခုလိုပြောပါတယ်။
“ညဘက်တွေက အရင်ကဆိုအလုပ်နောက်ကျတဲ့လူတွေက ဆိုင်ကနေ ထမင်း၊ ဟင်းတွေဝယ်ပြီး ပြန်နေကျလေ၊ အခုက ည ၆ နာရီကျော်ရင်အပြင်မထွက်ရတော့ ဈေးကရောင်းမကောင်းတော့ဘူးပေါ့၊ ၅ နာရီကျော်တာနဲ့ ဆိုင်ကပိတ်ရပြီးလေ၊ ညဘက်အပြင်ထွက်ရင်လည်း ဖမ်းတယ်” လို့ အမည်မဖော်လိုသူ ဈေးသည်တစ်ဦးက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့မှာ စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြီးနောက်ပိုင်းမှာ ညဘက် အပြင်ထွက်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ၊ ခြောက်လှန့်ပစ်ခတ်တာတွေပြုလုပ်နေပြီး ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိနေပြီးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်းမှာ အခုလိုစစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တာြဖစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်တစ်ချိုသာ နေရပ်ပြန်လည်နေထိုင်ရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာလည်း စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ထားပြီးနောက်ပိုင်း ဖမ်းဆီးထောင်ချခံရသူတွေ ရှိနေတာလည်းဖြစ်ပါတယ်။
ကိုဖြိုး