ဖေဖော်ဝါရီလ (၂၂) ရက်၊ ၂၀၂၃ ခုနှစ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝှမ်းရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီလ ၂၂ ရက် နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်မှာ နေအိမ်အတွင်း သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရတယ်။
ပစ်ခတ်ခံခဲ့ရတဲ့အမျိုးသားဟာ အသက် (၄၉) နှစ်အရွယ် ဦးသန်းစိုးဖြစ်ပြီး နေအိမ်အတွင်း နေနေစဥ် ဆိုင်ကယ် ၂ စီး စီးနင်းလာတဲ့ လူ ၅ ဦးက နေအိမ်အတွင်းထိ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်း ကျည်ဖောက်ဝင်သွားပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
” ဆိုင်ကယ် ၂ စီးနဲ့ လူ ၅ ဦး ရောက်လာတယ်။ တစ်စီးက အပြင်မှာ စောင့်နေတယ်။ အိမ်ထဲကို ၂ ယောက် ဝင်သွားတယ် ခဏနေကျတော့ သေနတ်ပစ်တဲ့အသံကြားတာပေါ့လို့” မျက်မြင်တွေ့ရှိသူ အမျိုးသမီး တစ်ဦး ကပြောပါတယ်။

ထိုအမျိုးသားဟာ နေရာမှာပင်သေဆုံးခဲ့ပြီး ဘယ်အဖွဲ့အစည်းက လာရောက်ပစ်ခတ်သွားတယ်ဆိုတာကို မသိရသေးပဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။
သေဆုံးသူဟာ မိသားစုနဲ့အတူ ကျောက်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ဖားကန့်မြို့ မှာလဲ လုယက်သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေသလို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ယခုချိန်ထိ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး အထိ သတ်ဖြတ်ခံခဲ့ရပါတယ်။
သတင်း – နော်ဖူးဖူး
