ဖေဖော်ဝါရီလ (၂၂) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော်ပျက်စီးခဲ့တဲ့အပြင် ချောင်းကြားရွာကိုလဲ တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်က မြေမွန်ရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ်ပေါင်း ၂၁၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ တရော်ကိုင်းရွာမှာလဲ နေအိမ်တစ်လုံး လက်နက်ကြီးကျည် ထိမှန်ပြီး ပျက်စီးခဲ့တဲ့အပြင် ပြည်သူနေအိမ်တစ်လုံးကိုလဲ စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့တယ်လို ဆိုပါတယ်။
“စစ်တပ်ကရွာတွေကို နေ့တိုင်းလိုလိုမီရှို့နေတော့ ရွာထဲကိုပြန်ဝင်လိုမရဘူး အမြဲစစ်ဘးပဲ ရှောင်နေရတယ်။ ကန့်ဘလူခရိုင်တခုလုံးမှာ စစ်ဘေရှောင်နှစ်သောင်းကျော် ဝန်းကျင်လောက် ရှိတယ်လေ။ အခုလိုစစ်ရှောင်တွေများလာတော့ ကူညီပေးရတာလဲ ပိုခက်ခဲလာတယ်၊ သူတို့တွေအတွက် အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးတွေ ပိုလိုအပ်လာတယ်”လို့ စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ၁၂၀ ဝန်းကျင်က ချောင်းကြားရွာကို တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်ပေါင်း ၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့တုန်းလဲ ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၈ လုံး မီးလောင်ခဲ့တဲ့အပြင်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ ဒုတိယအကြိမ်မှာလဲ နေအိမ် ၂၃ လုံးအပြင် စပါးကျီ ၁၃ ခု မီးလောင်ပျက်စီးခဲ့ပါသေးတယ်။ အခုလိုမီးရှို့ခံရမှုကြောင့် ချောင်းကြားရွာအနီးရှိ ရွာပေါင်း ၅ ရွာက ဒေသခံပြည်သူထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလဲဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
