ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီ−ကော့ကရိတ် အာရှလမ်းမမှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပြီး ကားလမ်းပိတ်ဆိုတာတွေ မကြာခဏဖြစ်ပွားနေတာကြောင့် အာရှလမ်းကိုအသုံးပြုပြီး ကားမောင်းနေရတဲ့ကားသမားတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
မြဝတီ−ကော့ကရိတ် အာရှလမ်းမှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားတာကြောင့် ကားလမ်းပိတ်တာတွေ ဖြစ်ပွားခဲ့ပြီး ကားသမားတွေအနေနဲ့ အသက်နဲ့ရင်းပြီး ကားမောင်းနေရတယ်လို့ ကားသမာတစ်ဦးက အခုလို ပြောပါတယ်။
“ခရီးသည်တွေမရှိဘူး၊ လက်ရှိမှာက တိုက်ပွဲတွေမကြာခဏဖြစ်တော့ ကားသမားတွေအတွက်ရော မိသားစုတွေရှိတော့ တစ်ရက်ကားမောင်းမှ မိသားစုစားဝတ်နေရေး ဖြေရှင်းရမယ်ဆိုတော့ တိုက်ပွဲကြားလည်း အသက်ရင်းပြီးမောင်းနေရတယ်” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်က ခရီးသည်တစ်ဦးကို ကားခတစ်သောင်းခွဲသာပေးရသော်လည်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့တာကြောင့် ကားခ သုံးသောင်းအထိဈေးတက်သွားတယ်လို သူကဆက်ပြောပါတယ်။
“အရင်က ထိုကော်ကိုးလမ်းကသွားရင် ငါးသောင်းကျော်အထိပေးရတယ်၊ အာရှလမ်းကသွားရင်တော့ သုံးသောင်းဘဲ၊ ပစ္စည်းများရင်တော့ ပစ္စည်းဖိုးပိုတောင်းရတာပေါ့၊ အခုဆိုရင် ကားကအရင်ကလို ဆွဲလိုမကောင်းတော့ဘူး၊ ခရီးသွားတဲ့လူလည်း မရှိတော့ ဈေးတွေတက်ကုန်တာပေါ့” လို့ ဆက်ပြောပါတယ်။
အခုချိန်မှာလည်း မြဝတီ−ကော့ကရိတ် အာရှလမ်းမှာ တိုက်ပွဲတွေကြောင့် ကားအသွားအလာနည်းပါးနေပြီး ခရီးသွားလာသူတွေမရှိဘဲ ကားသမားတွေအနေနဲ့ အခက်အခဲတွေ ပိုများလာတယ်လို့ သိရပါတယ်။
