ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ၊ သုံးဆယ့်သုံးဆူကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် ၉ နာရီ ၃၄ မိနစ်လောက်က တိုက်လေယာဉ်နဲ့ ဗုံကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာအနီးတစ်ဝိုက်မှာလည်း ညတိုင်းနီးပါး လက်နက်ကြီးသံတွေကြားနေရတယ်လို ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်တွေက သုံးဆယ့်သုံးဆူကျေးရွာ အနီးတစ်ဝိုက်ကို တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာြဖစ်ပြီး လူထိခိုက်တာတွေမရှိဘူးလို ဒေသခံပြည်သူတစ်ဦးက အခုလို ပြောပါတယ်။
“၂ လုံးကြဲသွားတယ်ဗျ၊ လေယာဉ်သံကြားပြီးတာနဲ့ ချက်ချင်းဗုံးကြဲတဲ့အသံကြားရတာဘဲ ၊ လူထိခိုက်တာတော့မရှိဘူး၊ အသံက အကျယ်ကြီးဘဲ၊ လူပါတုန်တယ်၊ ညကလည် ၇ နာရီ ၂၀ လောက်မှာ လက်နက်ကြီးသံ ၄ ချက်ကြားရတယ်၊ တိုက်ပွဲတွေက ဒီဘက်မှာ ငြိမ်နေတာ နည်းနည်းကြာပြီး၊ ဒီအတိုင်းလာကြဲသွားတာ” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေယာဉ်နဲ့ဗုံးကြဲတာတွေကို မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ လလည်ပိုင်းလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ အနည်းငယ်သာ နေရပ်ကိုပြန်လည်နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။
အခုအချိန်မှာ ကော့ကရိတ်မြို့ကို စစ်အုပ်ချုပ်ရေးနယ်မြေ (Martal Law) ထုတ်ပြန်ထားတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ အရင်ကထက် အစားအသောက်နဲ့ နေထိုင်ရေးတွေမှာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
