ဖေဖော်ဝါရီ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် မာခရောရှေ့ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက ရေထွက်ပေါက်ကို ရေလာခပ်စဉ် KA၊ KNDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ (၁၅) ရက် မနက် ၁၁:၀၀ အချိန်လောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း KA၊ KNDF တပ်ဖွဲ့များဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ KNDF တပ်ရင်း (၁၅) က သတင်းထုတ်ပြန်ထားပါတယ်။
ထိတွေ့တိုက်ပွဲများအပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ အဆမတန် အသုံးပြု ပစ်ခတ်ခဲ့သောကြောင့် မာခရောရှေ့ကျေးရွာတွင်းရှိ ဒေသခံပြည်သူ၏ နေအိမ်တစ်လုံး ထိမှန်ပျက်ဆီးခဲ့ရပါသည်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီရဲ့ အင်အား (၆၀) ခန့်ပါတဲ့ စစ်ကြောင်းဟာ အဲဒီနေ့ မနက် ၇:၀၀ အချိန်ခန့်မှာလည်း အမှတ် (၁၄) တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ မာခရောရှေ့စခန်းကို ရိက္ခာများပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မာခရောရှေ့စခန်းဟာ စစ်ကောင်စီရဲ့ အမှတ် (၁၄) တန်းမြင့်လေ့ကျင့်ရေးကျောင်းအနီး တောင်ကုန်းမှာ အကာအကွယ်သဖွယ်တည်ရှိနေတာဖြစ်တာကြောင့် ကရင်နီပူးပေါင်းတပ်များက မကြာခဏဆိုသလို တိုက်ခိုက်လေ့ရှိပါတယ်။ ၂၀၂၂ ခုနစ် တနှစ်တည်းမှာလည်း ကရင်နီပူးပေါင်းတပ်များက မာခရောရှေ့စခန်းကို (၇) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးပါတယ်။
