ဖေဖော်ဝါရီ ၁၇ ရက် ၂၀၂၃ ခုနှစ်
ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းအတွင်းက လူဦးရေ ၃၀၀ ကျော်ရှိတဲ့ ရွာလေးတရွာမှာ ယခု ရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၇ လအရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပြီး ဝေဒနာခံစားနေရသူ ကလေး၊ လူကြီး အမြားအပွားရှိနတေယျလို့ Mobye Rescue Team ထံက သိရပါတယ်။ အဆိုပါ ရွာလေးဟာ ရေရှားပါးတဲ့ ဒေသမှာဖြစ်ပြီး ရွာဆီရောက်ဖို့ ၄ နာရီနီးပါး သွားရပါတယ်။
“ကျမတို့ကို လာကြည့်ပေးပါဦးဆိုပြီး ပြောလာတာပေါ့၊ ကျမတို့ရောက်တော့ လွန်ခဲ့တဲ့ သုံး၊ လေးရက်လောက်က ကလေးလေးတယောက် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေသွားတဲ့အကြောင်း ပြောပြတယ်၊ အဲ့ကလေးရဲ့ အမေလည်း ရောဂါဖြစ်နေတာပဲ၊ ဝမ်းလျှောတယ်၊ မျက်နှာတွေဆိုလည်း ဖြူဖပ်ဖြူရော် ဖြစ်နေတယ်၊ ဖြူလျော့နေတာပဲ၊ ကလေးတွေအများဆုံး ဖြစ်နေကြတယ်ဆိုပေမဲ့ လူကြီးတွေလည်းပါတယ်၊ လူဦးရေ ထက်ဝက်ကျော်လောက်က အဲ့လိုဖြစ်နေတာ” လို့ လူနာတွေကို ဆေးကုသမှုပေးခဲ့တဲ့ Mobye Rescue Team က Karenni’s Voice ကို ပြောပြပါတယ်။

ရွာရဲ့ လူဦးရေ ထက်ဝက်ကျော်ကို ဆေးကုသမှုပေးခဲ့ရပြီး ရောဂါ အခြေအနေ သက်သာခြင်း ရှိ၊ မရှိ ကို ဆက်ပြီး စောင့်ကြည့်သွားရမယ်လို့ ဆက်ပြောပြပါတယ်။ ရောဂါပြန့်ပွားမှု အကြောင်းရင်းနဲ့ ပက်သက်လို့
“ရွာက ရေရှားတယ်၊ ယင်လုံအိမ်သာလည်း အဆင်မပြေဖူးလားမသိဘူး၊ အိမ်သာတက်ပြီးရင် မဖုံးမအုပ်ကြဘူး၊ အဲ့ဒီမှာ ခွေးတွေက စားပြီးတော့ ခွေးကနေ ဟိုဘက်ဒီဘက်ပြန့် ၊ အဲ့လိုဖြစ်သွားတာပေါ့နော၊ ခု ဆေးတော့ကုခဲ့တယ် သက်သာ၊ မသက်သာကိုတော့ ဆက်ပြီး follow up လိုက်ရမယ်” လို့ ဆက်လက် ပြောပြပါတယ်။
Mobye Rescue Team အနေနဲ့ ရွာကို ဆေးကုသမှုပေးခဲ့ပြိ်း ကျန်းမာရေးအသိပညာလည်း မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။
