Site icon People’s Radio Myanmar

ရှမ်း-ကရင်နီနယ်စပ်မှာ ရိက္ခာ၊လက်နက်များ သယ်ယူလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား။

ဖေဖော်ဝါရီ (၁၆) ရက်၊ ၂၀၂၃

ရှမ်းပြည်တောင်ပိုင်းနဲ့ ရှားတောမြို့နယ်အစပ် ထိုင်း-မြန်မာနယ်စပ်အနီးက ဟွေ့ဟရွာအနီးက တောင်ကုန်းတခုမှာ ဖေဖော်ဝါရီ (၁၄) ရက်က စစ်ကောင်စီနဲ့ ကရင်နီတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၅) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရှမ်း-ကရင်နီနယ်စပ်က ပြည်သူ့စစ်အဖွဲ့ အခြေစိုက်ရာ ဟွေဟရွာအနီး လက်နက်နဲ့ ရိက္ခာများ သယ်ယူနေတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ (၁၄) ရက် ညနေ ၃:၀၀ အချိန်ခန့်မှာ ကရင်နီတပ်မတော်တပ်ရင်း(၃)က တောင်ကုန်းအမှတ် ၅၄၁၆ အနီး တိုက်ခိုက်ခဲ့တာလို့ စစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပြပါတယ်။

“တိုက်ပွဲတွေ ရဲဘော်တွေ ပြန်သတင်းပို့တာတော့ ညနေ ၃နာရီကနေ ၄ နာရီလောက်အထိ တိုက်ပွဲက တနာရီနီးပါးလောက် ကြာပါတယ်။ အဲဒီဒေသမှာတော့ ကျတော်တို့ ကရင်နီတပ်မတော်ပဲ လှုပ်ရှားတာမို့ အခြားမဟာမိတ်အဖွဲ့တွေတော့ မပါခဲ့ပါဘူး။ ကရင်နီတပ်မတော်ရဲ့ တပ်ရင်း (၃) နဲ့ တိုက်ပွဲဖြစ်တာပေါ့။ ၉၄ လောက်တည်းက အပစ်ရပ်ထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ အခြေစိုက်တဲ့ နေရာပေါ့လေ၊ အဲဒီရွာက။ အဲဒီရွာမှာ စစ်ကောင်စီက ရိက္ခာတွေ လက်နက်တွေရော အင်အားရော စုနေတာ။ တောင်ကုန်းအမှတ် ၅၄၁၆ နား တိုက်ပွဲဖြစ်တာပေါ့။ ထိုင်းနယ်စပ်နဲ့လည်း နီးပါတယ်။” လို့ စစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက Karenni’s Voice ကို ပြောပြပါတယ်။

စစ်ကောင်စီအနေနဲ့ ရှားတော-လွိုင်ကော်လမ်းကို အသုံးမပြုနိုင်တာမို့ ၎င်းတို့တပ်တွေကို ရိက္ခာလက်နက် ထောက်ပံ့နိုင်ဖို့ အခုလမ်းကြောင်းက သယ်ယူဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပြီး ဖေဖော်ဝါရီ ပထမအပတ်တည်းက ဟွေ့ဟအနီးမှာ စစ်ကောင်စီက အင်အား (၂၀၀) ခန့် ဖြည့်တင်းထားတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးထက်မနည်း သေဆုံးခဲ့ပေမဲ့ ကရင်နီတပ်မတော်ဘက်က တစုံတရာ ထိခိုက်မှု မရှိခဲ့ဘူးလို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဌာနချုပ်ရှိရာ ရှားတောမြို့နယ်ကိုလည်း စစ်အုပ်ချုပ်ကြေညာထားပြီး စစ်ရေးလှုပ်ရှားမှုများ ရှိတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို အရပ်သားများ အသုံးမပြုဖို့ ကရင်နီပူးပေါင်းတပ်များက တားမြစ်ထားကြပါတယ်။ ရှားတောမြို့နယ်အတွင်းက ဒေသခံများကို ၎င်းတို့ရဲ့ ထောက်ခံချက်လက်မှတ်ပါမှသာ မြို့နယ်တွင်းသွားလာလှုပ်ရှားဖို့ ဖေဖော်ဝါရီလထဲမှာပဲ အမိန့်ထုတ်ပြန်ထားပါတယ်။

Exit mobile version