ဖေဖော်ဝါရီလ (၁၆) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ ာ(Martial Law) စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ထုတ်ပြီးတဲ့နောက်မှာ နယ်ခြားစောင့်တပ်(BGF) က မြို့နဲ့ ကျေးရွာအနီးတစ်ဝိုက်မှာနေထိုင်တဲ့ လူငယ်တွေကို အဓိက ပစ်မှတ်ထားပြီး စစ်ဆေးဖမ်းဆီး တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
BGFတပ်တွေက ကော့ကရိတ်မြို့ထဲမှာ ဂိတ်ချပြီးစစ်ဆေးတာတွေ ကျေးရွာထဲကိုဝင်ရောက်ပြီး အကြောင်းမဲ့စစ်ဆေးတာတွေလုပ်ဆောင်နေတာကြောင့် မြို့ထဲမှာ သွားလာသူတွေနည်းနေတယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“အခု BGF တွေက မြို့ထဲမှာ ဂိတ်တွေချပြီး စစ်နေကြတာ၊ လူငယ်တွေကို အဓိကထားပြီးစစ်နေတာ၊ စစ်လို့ သူတို့မင်္သကာရင် ဖမ်းပြီး စကစ လက်ထဲကိုအပ်တယ်၊ အခုဆို မြို့ထဲမှာ လူသွားလူလာတွေတောင် သိပ်မရှိတော့ဘူး၊ အပြင်ကလူကလဲ မြို့ထဲကိုမလာတော့ဘူး ၊ အထဲကလူကလည်း အပြင်ကိုမထွက်ရဲတော့ဘူး၊ ” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က Martial Law ထုတ်ပြီးတဲ့နောက်ပိုင်းမှာ စစ်ဆေးမှုတွေကို အရင်ကထက်ပိုမိုလုပ်ဆောင်နေတာြဖစ်ပြီး ညနေ ၇ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အဲဒီနောက်ပိုင်း ထွက်တဲ့ပြည်သူ ၁၃ ဦးကိုလည်း ဖမ်းဆီးထောင်ချခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတစ်ဝိုက် ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ညတိုင်းနီးပါးပစ်ခတ်နေပြီး လှိုင်ဝအမြောက်ကုန်းမှာလည်း လက်နက်ကြီးတပ်ဆင်ထားတာကြောင့် ဒေသခံပြည်သူတွေမှာ စိုးရိမ်စိတ်နဲ့ နေကြရတယ်လို့ သိရပါတယ်။
