ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
ဖယ်ခုံမြို့နယ် မိုးဗြဲအနောက်ခြမ်းတနေရာမှာ ဖေဖော်ဝါရီ (၁၁) ရက်က စိတ်ကြွမူးယစ်ဆေး WY အလုံး (၅၀၀) ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မိုးဗြဲPDF တပ်ရင်း (၂) က သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံများရဲ့ သတင်းပေးချက်အရ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သုံးစွဲသူများကို ခံဝန်ကတိနဲ့ ပြန်လွတ်ပေးခဲ့ကာ ရောင်းချသူတဦးကို နောက်ဆက်တွဲကွင်းဆက်များ ဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
“ရောင်းချသူများကို သတ်မှတ်ထားသောစည်းကမ်းချက်အရ ဒဏ်ငွေ ၁ဆ ၃ဆ ပေးလျော်ရန် စီရင်ချက်ချမှတ်ကာ ထိုဒဏ်ငွေ များအားလုံးကိုလည်း ကျွန်တော်တို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ မှ တပြားတချပ်မှ မယူပဲ ရပ်ရွှာတွင်းလိုအပ်သော ကျန်းမာရေး၊ ပညာရေးစသော ကိစ္စရပ်များပြန်လည်အသုံးပြုရန်အတွက် ထိုကျေးရွှာ မိဘပြည်သူထံသို့ ပြန်လည်အပ်နှံခဲ့ပါသည်။” လို့ မိုးဗြဲPDF တပ်ရင်း (၂) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ယခုမူးယစ်ဆေးဝါးဖမ်းဆီးရမှုဟာ မိုးဗြဲPDFက ဖမ်းဆီးခဲ့တဲ့ (၁၀) ကြိမ်မြောက် မူးယစ်ဆေးဝါးမှုခင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၈) ရက်တုန်းကလည်း မိုးဗြဲ အရှေ့ဘက်ကမ်းတနေရာမှာ KNDF တပ်ရင်း (၃) က စိတ်ကြွမူးယစ်ဆေးပြား (၁၀၀၀) ခန့်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
