ဖေဖော်ဝါရီလ (၁၃) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြိုမှာ မာရှယ်လော (Martial Law) စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ထုတ်ပြန်ပြီးနောက် ညဘက်အပြင်ထွက်တဲ့သူတွေ ဖမ်းဆီးထောင်ချခံရတာတွေရှိနေတယ်လို ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ညနေ ၇ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကိုထုတ်ပြန်ထားပြီး အခုလိုအမိန့်ထုတ်ပြန်ထားတာကြောင့် ဒေသခံတွေအနေရဲ့ နေ့စဥ်စားဝတ်နေရေးမှာ အခက်အခဲတွေရှိလာတယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက ည ၆ မနက် ၇ ဆိုတော့ အခက်အခဲတွေကတော့မျိုးစုံပေါ့၊ အဲ့ဒီအချိန်ကျော်ပြီးထွက်ရင် ဖမ်းပြီးထောင်ချတယ်၊ အခုဆို လူတွေက ၆ နာရီလောက်ဆို လမ်းပေါ်မှာမရှိတော့ဘူး၊ အကုန်အိမ်ထဲမှာရောက်နေပြီး၊ စျေးသည်တွေလည်း ညနေ ၆ နာရီခွဲရင် ဆိုင်ပိတ်ကြပြီး” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့ဒေသခံ ၁၅ ယောက်ရှိပြီး ဖမ်းဆီးခံရတဲ့လူတွေထဲက ၂ ယောက်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေဖြစ်နေတာကြောင့် ပြန်လွတ်ခဲ့ပြီး ကျန်တဲ့ ၁၃ ယောက်ကိုတော့ ထောင်ဒဏ် ၆ လ ချခံခဲ့ရတယ်လို သိရပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက မြို့ထဲမှာ ကင်းလှည့်တာတွေလုပ်နေတာကြောင့် မြိုခံတွေမှာ စိုးရိမ်နေကြပြီး မနက်ပိုင်းစျေးရောင်းစျေးဝယ်သူတွေလည်း စားဝတ်နေရေးမှာ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
