ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၃။
စံပြ(၆)မိုင်မှာ တိုက်ပွဲတွေစဖြစ်ပွားတည်းက အခုထိ (၁)နှစ်ခွဲကျော်ကြာ စစ်ရှောင်လာရတဲ့ ဒေါ်—ဟာ အခုလည်း သူရဲ့လက်ကျန် သက်ငယ်မိုးတွေကို စုသိမ်းလို့ နောက်တနေရာကို ထပ်ပြောင်းဖို့ ပြင်နေရပါတယ်။
“အိမ်လည်း မီးလောင်သွားပြီကြားတယ်။ အဒေါ်ကိုယ်တိုင်တော့ သွားမကြည့်ဖြစ်ဘူးလေ။ စကစ ရှိတယ်တဲ့ အဲ့ဘက်မှာ။ အခုလည်း စစ်ရှောင်နေတဲ့ နေရာကို လက်နက်ကြီးတွေထုလို့လေ၊ ဆက်တိုက်ပဲ။ ဒဏ်ရာရတဲ့သူလည်းရ။ အဲဒါ အခု ထပ်ရှောင်ရဦးမှာပေါ့။” လို့ ဒေါ်—က သူ့ရဲ့ စစ်ရှောင်ဘဝကို ပြောပြပါတယ်။
ဇန်နဝါရီ ၂၂ ရက်မှာ ဒီးမော့ဆို စံပြ(၆)မိုင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီက စစ်ကြောင်းအလုံးအရင်းနဲ့ လက်နက်ကြီးများ ပစ်ခတ်ပြီး ထိုးစစ်ဆင်ခဲ့ပါတယ်၊ အမျိုးသမီး (၁) ဦးနဲ့ အသက်မပြည့်သေးတဲ့ ကလေး (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအပြင် စစ်ရှောင်စခန်း (၂) ခုနဲ့ ကျေးရွာ (၃) ရွာခန့်က ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးဗညားက
“အခုအချိန်ထိ ထပ်ပြောင်းရတဲ့ လူဦးရေကို စီစစ်ကြည့်တာ လူဦးရေ (၅၀၀၀) လောက်ရှိနေပါပြီ။ ဒါက စစ်ကြောင်းထိုးလို့ရယ် လက်နက်ကြီးကြောင့်ရယ်ပေါ့။ အခုလည်း စစ်ကောင်စီက စစ်ရှောင်လူထုနေတဲ့ နေရာကိုလည်း လေယာဉ်နဲ့ ဗုံးကြဲခဲ့သေးတယ်။ အရင်တခါ လွိုင်ကော်အရှေ့ခြမ်းကို ကြဲပေမဲ့ လူထုမရှိတဲ့နေရာပေါ့။ အခုတော့ စစ်ရှောင်လူထုတွေ ရှိနေတဲ့နေရာကိုပါ။ လူအထိအခိုက်မရှိပေမဲ့ စစ်ဘေးရှောင်စခန်းထဲက ဆေးခန်းတော့ လုံးဝပြာကျသွားတာ။ စာသင်ကျောင်းကိုလည်း ထိသွားသေးတယ်” လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ (၃) ရက်မှာ Karenni’s Voice ကို ပြောပြခဲ့ပါသေးတယ်။
စစ်ကြောင်းထိုးလာတဲ့ ဇန်နဝါရီ (၂၂) ရက်က စပြီး အခုအချိန်အထိ ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်လူထုများဟာ ဘေးလွတ်ရာ ဆက်လက်ရွေ့ပြောင်းနေရပါတယ်။ တနိုင်တပိုင်သယ်ယူနိုင်မဲ့ အိမ်ထောင်ပရိဘောဂတွေကို စစ်ရှောင်အရေးကူညီပေးတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကားတွေပေါ်တင်ပြီး အသီးသီး ထွက်ခွာနေကြပါတယ်။
“ဦးလေးသားပါတယ်။ သူ့ကို အရှေ့ကားနဲ့ အရင်ရှောင်ခိုင်းထားပြီ။ သူက ခုနစ်တန်းတက်တုန်း။ ကျောင်းပြန်တက်ရဖို့လည်းလိုသေးတယ်။ ပြောင်းရပြီဆို အမိုးအကာက အစ လိုပြီလေ။ ဖြစ်နိုင်ရင်တော့ ကိုယ့်အိမ်ပဲကိုယ်နေချင်တာပေါ့။” လို့ ပြောင်းရွေ့ဖို့ စောင့်ဆိုင်းနေတဲ့ စစ်ရှောင်တဦးက ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ ရက်က စတင်ကာ ယခုအချိန်အထိ အရပ်သား (၁) ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး၊ အသက်မပြည့်သေးတဲ့ ကလေး (၂) ဦးနဲ့ ၎င်းတို့ရဲ့ မိခင်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စစ်ရှောင်အရေးကူညီပေးနေသူ (၃) ဦးထက်မနည်းနဲ့ စစ်ကောင်စီက ဖမ်းဆီးထားပြီး သတ်ဖြတ်ခံထားရတဲ့ အလောင်း (၂) လောင်းကိုလည်း တွေ့ရတယ်လို့ ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်အရေးကူညီပေးနေသူတဦးက ပြောပြပါတယ်။
ဒီးမော့ဆိုမြို့နယ်ဟာ ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားမှုအများဆုံမြို့နယ်ဖြစ်သလို စစ်ရှောင်ဦးရေ အများဆုံးလည်းဖြစ်ပါတယ်။ စံပြ(၆)မိုင်ကျေးရွာအုပ်စုထဲက ရွာအချို့နဲ့ ကုန်းသာ၊ သေးဆူလဲ၊ ဦးခူးရီ တဝိုက်က ရွာများကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့ပြီး ဘာသာရေးနဲ့ လူနေအဆောက်အုံ အလုံး (၄၀၀) ထက်မနည်း ပျက်စီးထားပါတယ်။
Karenni’s Voice(People’s Radio Myanmar)
