ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နယ်အတွင်းရှိ မြို့နယ်တွေကို အလှည့်ကျ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဖို့အတွက် မော်လမြိုင်မြို့ လျှပ်စစ်ဓာတ် အားပေးဝေရေးရုံးမှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စပြီး အုပ်စု ၃ စု ခွဲကာ အုပ်စုတစုလျှင် ၂ နာရီခြားနဲ့ တနေ့ ကို ၄ ကြိမ်လျှပ်စစ်မီး ဖြန့်ဝေပေးမယ့် ဇယားထွက်ပေါ်လာခဲ့ပေမယ့် အမှန်တကယ် ပေးဝေခဲ့ခြင်းမရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မော်လမြိုင်မြို့ရှိ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
“အဲ့ ဇယားအတိုင်းမကြည့်နဲ့ မမှန်ဘူး ။ မီးလာတာက ပုံမှန်မရှိဘူး ပျက်ရင်လဲ ၃ နာရီ ၄ နာရီခြား တခါပျက်တယ်။ သူတို့လုပ်ချင်တိုင်းလုပ်နေတာ ထမင်းဟင်းချက်တာကအစ အဆင်မပြေဘူး။ သူတို့ မီးလာတာစောင့်ပီးချက်ရင် တော့ ထမင်းငတ်မှာ သေချာတယ်။ အခု အမတို့ ထမင်းဟင်းချက်ရင်တောင် မီးသွေး တလှည့် Gas တလှည့် ချက်နေရတာ အကုန်စျေးတက်နေတဲ့ခေတ်ဆိုတော့ ဘာတခုမှ အဆင်မပြေဘူး “ လို့ သူကဆက်ပြောပါတယ်။
လျှပ်စစ်မီးပုံမှန်လာခြင်း မရှိတာကြောင့် မော်လမြိုင်မြို့ပေါ်ရှိ ရေရောင်းတဲ့လုပ်ငန်းလုပ်ကိုင်သူ တဦးကလည်း “ ကျွန်တော် တို့ အလုပ်က လျှပ်စစ်မီးနဲ့ လုပ်ရတဲ့ အလုပ်လေ အဝီစိကနေ ရေမောင်းရတာ ဆိုတော့ မီးမလာတော့ မီးစက်နဲ့မောင်း ရတော့ ဆီကုန်တယ်။ ဆီစျေးတွေကလည်း ပြန်တက်နေတော့ရတဲ့ပိုက်ဆံနဲ့ ကုန်ကျစရိတ်နဲ့က မမျှဘူး” လို့ သူကပြောပါတယ်။
ယခင်က မော်လမြိုင်မြို့နယ်အတွင်းမှာ မီတာမဆောင်ပါက မီးလာဖျက်တာတွေ ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ လူတွေအားလုံးဟာ မီတာဘေလ် ပြန်ဆောင်နေကြတယ်လို့လည်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ဓာတ်အားပေးလွှတ်ထားတဲ့ 132KV ဘီလူးချောင်း (၂) – တီကျစ် Double Circuit ဓာတ်အားလိုင်း ဟာ ည ၁၀ နာရီ ၃၆ မိနစ်မှာ Line Fault ဖြစ်ပွါးခဲ့ပီးလိုက်လံစစ်ဆေးရာ တိုင်အမှတ် (၁၁၅) ပျက်စီးနေတာကြောင့် ပြုပြင်ထိန်းသိမ်းစဉ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု အချိန် ပိုမိုများပြားလာနိုင်တယ်လို့လည်း လျှပ်စစ်မီးပေးဝေရေးလုပ်ငန်း (မွန်ပြည်နယ်) မှ အသိပေးထုတ်ပြန် ထားပါသေးတယ်။
