စက်တင်ဘာလ (၆) ရက်၊ ၂၀၂၂ ခုနှစ်
CDM ပညာရေးဝန်ထမ်းများနဲ့ ဖွဲ့စည်းထားတဲ့ ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ ယနေ့(စက်တင်ဘာ ၆ ရက်)မှာ တနှစ်ပြည့်မြောက်ခဲ့ကြောင်း သိရှိရပါတယ်။ တနှစ်ပြည့်အထိမ်းအမှတ်ကို ဒီးမော့ဆိုမြို့နယ်တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနာကို ကျေးရွာအုပ်စုအသီးသီးက CDM ဆရာဆရာမများ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC မှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပါတယ်။
ဒီးမော့ဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လမ်းညွှန်မှုကို ခံယူပြီး ၂၀၂၁ ခုနစ် ဩဂုတ်လအတွင်း CDM ဆရာဆရာမများ၊ ကျောင်းသူ/ကျောင်းသား ကိုယ်စားလှယ်များ နဲ့ ရပ်ရွာကိုယ်စားလှယ်များ စုစုပေါင်း ၂၅ ဦး နဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့ ဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက Karenni’s Voice ကို ပြောပြပါတယ်။
တနှစ်ပြည့်ပြီးနောက် မြို့နယ်အတွင်း စေတနာ့ဝန်ထမ်းဆရာ/ဆရာမများအပါအဝင် စစ်ကောင်စီလက်အောက်မှာ မဟုတ်ဘဲ သင်ကြားရေးတာဝန်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမပေါင်း ၁၁၀၀ ကျော် ရှိလာခဲ့ပါတယ်။
” ကျတော်တို့ချည်းပဲဆို ဒါမျိုးဖြစ်မလာပါဘူး။ အားလုံးအတူတူ ရုန်းခဲ့ကြရတာပါ။ ကျောင်းသားတွေရော ကျောင်းသားမိဘတွေ မြို့နယ်ထဲက အဖွဲ့အစည်းတွေ အလှူရှင်တွေ အစုံပဲ။ ရှေ့ဆက်လည်း အဖွဲ့အစည်းအသီးသီးက ခုလို ဟန်ချက်ညီညီ ရှေ့ဆက်သွားမယ်ဆို ဒီတော်လှန်ရေးလည်း သိပ်မဝေးတော့တဲ့အချိန် အနိုင်ရမယ်လို့ ယုံပါတယ်။ ဒါကို ဒီနေ့အတွက် အမှတ်တရ ပြောချင်ပါတယ်။” လို့ ဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပြခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းများ လုံးဝမရှိဘဲ ကိုယ်ထူကိုယ်ထကျောင်းပေါင်း ၁၀၀ ကျော်မှာ ကျောင်းသူကျောင်းသား တသောင်းခန့် တက်ရောက်ပညာသင်ကြားနေကြပါတယ်။
