စက်တင်ဘာလ (၆) ရက်၊ ၂၀၂၂ ခုနှစ်
ငွေတောင်ရွာသစ်ကျေးရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ DMO PDF ၊ KRU ၊ အလယ်ပိုင်းတိုင်း ၁၁၀၆ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့ စက်တင်ဘာ ၃ ရက်၊ ၄ ရက် နဲ့ ၅ ရက်တို့မှာ တိုက်ပွဲများ ပြင်းထန်ခဲ့ပါတယ်။ အဆိုပါ သုံးရက်တာအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ DMO PDF က တိုက်ပွဲသတင်း ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၃ ရက် နဲ့ ၄ ရက်တို့မှာ ငွေတောင်ရွာသစ်ကျေးရွာကနေ ဒီးမော့ဆိုဘက်ကို စစ်ကြောင်းထိုးလာတဲ့ ယာဥ်တန်းကို DMO PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားတစီး မြောင်းထဲထိုးကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“သူတို့က စက်တင်ဘာ ၂ ရက်နေ့တည်းက ရွာထဲကနေ စစ်ကားတွေနဲ့ ယာဥ်တန်းအလိုက် ထွက်လာကြတာ၊ တပ်အပြောင်းအလဲလုပ်နေတာလို့တော့ ကျတော်တို့ ယူဆတယ်၊ ဒေါညေးခူဘက်ထွက်တော့ KA KNDF တို့နဲ့ အရင်တိုက်ပွဲဖြစ်ကြတယ်၊ ကျတော်တို့ကတော့ တခြားနေရာမှာ စောင့်နေပြီး စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်မှာ တိုက်ပွဲဖြစ်ခဲ့တာ” လို့ DMO PDF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက Karenni’s Voice ကို ပြောပြပါတယ်။
စက်တင်ဘာ ၅ ရက်မှာတော့ ငွေတောင်ရွာသစ်ကျေးရွာထဲက ပြည်သူနေအိမ်ထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို DMO PDF၊ KRU နဲ့ အလယ်ပိုင်းတိုင်း ၁၁၀၆ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့က RPG ၂ လုံး အနီးကပ် စတင်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီးပူးပေါင်းတပ်ဖွဲ့က ရဲဘော်တဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
“အဲ့ဒီ ငွေတောင်ရွာသစ်ထဲမှာက ရှေ့လ ဩဂုတ် ၂၀ ရက် ဝန်းကျင်လောက်တည်းက စစ်တပ်က အင်အား ၂၀၀ လောကျ အထိုင်ချ တပ်စွဲထားတာ၊ ခုတော့တပ်အပြောင်းအလဲလုပ်ပုံရတယ်၊ မနေ့က သွားပစ်တဲ့ တိုက်ပွဲမှာတော့ စစ်တပ်က တော်တော်အထိနာတယ်၊ ကျတော်တို့ ရဲဘော်တဦးလည်း လက်နက်ငယ် ကျတော်တို့အခေါ် စက်လက်ပေါ့ ထိပြီး ဒဏ်ရာရခဲ့တယ်၊ အခု ခွဲစိတ်ထားပြီး အရမ်းတော့မစိုးရိမ်ရတော့ပါဘူး” လို့ DMO PDF ပြန်ကြားရေးတာဝန်ရှိသူက ဆက်လက်ပြောပြပါတယ်။
စစ်ကောင်စီက ၎င်းတို့အခြေချတပ်စွဲခဲ့တဲ့ နေရာများမှာ နင်းမိုင်းများထောင်ထားခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ရင်းကနေ လက်နက်ကြီးများလည်း ညစဥ်ပစ်ခတ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ လုံခြုံရေးကို ဂရုစိုက်ကြဖို့လည်း အသိပေးထားပါတယ်။
