စက်တင်ဘာလ (၅) ရက်၊ ၂၀၂၂ ခုနှစ်
ကရင်နီပြည် ဘောလခဲဒေသတဝိုက်မှာ အခြေချနေထိုင်ကြတဲ့ မနုမနော လူမျိုးစုတို့ရဲ့ “မနုမနော ရိုးရာဒေကွတ်ပွဲ” ကို လူမျိုးစု အကြီးအကဲများ၊ ကျေးရွာအုပ်စု အသီးသီးက ဒေသခံများနဲ့ စစ်ရှောင်များ ပူးပေါင်းပြီး စက်တင်ဘာ ၂ ရက်နဲ့ ၃ ရက်တို့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။
ပွဲတော် ၂ ရက်တာကာလအတွင်း မနုမနောလူမျိုးစုသမိုင်းကြောင်း၊ ဒီးကူပွဲတော် ဖြစ်လာရပုံအကြောင်းများ ရှင်းလင်းပြောပြခြင်းတို့အပြင် ရိုးရာဝတ်စုံ ပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ များလည်း ပါဝင်ခဲ့ပြီး ကျေးရွာအုပ်စုအလိုက် ယှဥ်ပြိုင်ခဲ့ကြပါတယ်။ ရိုးရာအကများအတွင်း ရှေးဘိုးဘွားတို့ ရန်သူကို ခုခံခဲ့ပုံကို ပြန်လည်ဆန်းသစ် တင်ဆက်ထားတဲ့ “ဓားလွှားအက” က ပထမဆု ရရှိခဲ့ပါတယ်။
ယွန်းစစ်သည်များ ကရင်နီဒေသကို ကျူးကျော်လာစဥ်အချိန်က လူမျိုးစု ဘိုးဘွားများဟာ “ဒီးကူ” ကို ရိက္ခာအဖြစ် အသုံးပြုကာ ပြန်လည်ခုခံတိုက်ခိုက်ပြီး စစ်ပွဲအောင်နိုင်ခဲ့ပါတယ်။ ထိုအထိမ်းအမှတ်အဖြစ် မနုမနောလူမျိုးစု အပါအဝင် ကရင်နီဒေသတွင်းက လူမျိုးစုများဟာ နှစ်စဥ် ဒီးကူပွဲတော်ကို ဒေသအနှံ့ ပြုလုပ်ကျင်းပကြတာ ဖြစ်ပါတယ်။
