စက်တင်ဘာလ (၂) ရက်၊ ၂၀၂၂ ခုနှစ်
ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေ ဒွန်ဘတ်ဒေသ ပြန်လည်တည်ဆောက်ရာမှာ ကူညီဖို့အတွက် မြောက်ကိုရီးယားနိုင်ငံက ဆောက်လုပ်ရေးလုပ်သားတွေ စေလွှတ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ယူကရိန်းနိုင်ငံ ဒွန်ဘတ်ဒေသရှိ ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေးနယ်မြေမှာ မော်စကိုနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ဟာ သံတမန်များနဲ့ တွေ့ဆုံခဲ့စဥ် ပြောဆိုခဲ့တာပါ။
မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ ဇူလိုင်လက စတင်ပြီး ရုရှားနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်လာသလို ယူကရိန်အရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးပွဲတွေလည်း ပိုမိုဆောင်ရွက်လာပါတယ်။
ဒွန်ဘတ်စ်ဒေသမှာ မြောက်ကိုရီးယားလုပ်သားတွေ အလုပ်အကိုင်ရရှိမှုကြောင့် နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် အမေရိကန်ဦးဆောင်သော နိုင်ငံတကာရဲ့ ပတ်ဆို့အရေးယူမှုတွေကို ပိုပြီး ရှုပ်ထွေးစေကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ဟာ နိုင်ငံတကာရဲ့ နှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူမှုတွေကြောင့် ဒုံးကျည် စမ်းသပ်မှုတွေ ပြေလျော့ဖို့ စဥ်းစားလာအချိန်မှာပဲ ဒွန်ဘတ်ဒေသကို လုပ်သားစေလွှတ်ဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
အဆိုပါ လုပ်သားတင်ပို့မှုဟာ အာရှဒေသအတွင်း အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို လျှော့ချဖို့နဲ့ ရုရှား၊ တရုတ်နိုင်ငံတို့ရဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ့် မြောက်ကိုရီးယားရဲ့ မဟာဗျူဟာ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
မြောက်ကိုရီးယားဆောက်လုပ်ရေးကုမ္ပဏီတွေဟာ ယူကရိန် စစ်ဘေးသင့်ဒေသတွေကို ပြန်လည်တည်ဆောက်ဖို့ ကမ်းလှမ်းထားပြီး မြောက်ကိုရီးယား အလုပ်သမားတွေ လာပါက ကြိုဆိုမှာဖြစ်တယ်လို့ ရုရှားဒု တိယ၀န်ကြီးချုပ်က အတည်ပြုပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ကာကွယ်ပေးထားတဲ့ ရုရှားအနေနဲ့ ယူကရိန်းကျူးလွန်မှုကြောင့် အထီးကျန် ဖြစ်နေချိန်မှာ နိုင်ငံတကာရဲ့ ဖိအားတွေကို လျှော့ချဖို့ စိတ်အားထက်သန်နေတယ်လို့ အမျိုးသားလုံခြုံရေးမဟာဗျူဟာ အင်စတီကျုမှ အကြီးတန်းလေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
၂၀၁၇ ခုနှစ် ဒဏ်ခတ်ပိတ်ဆို့မှုများ မတိုင်မီကာလအတွင်းမှာ မြောက်ကိုရီးယားရဲ့ အလုပ်သမားတင်ပို့မှုကြောင့် ပြုံယမ်းအစိုးရအနေနဲ့ တစ်နှစ်ကို ဒေါ်လာ သန်းရာချီ ရရှိခဲ့ကြောင်း သိရပါတယ်။
Refer-AP News
