စက်တင်ဘာလ (၂) ရက်၊ ၂၀၂၂ ခုနှစ်
ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းက ကိုယ်ထူကိုယ်ထကျောင်းတခုမှာ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားများ ပါဝင်တဲ့ ဘတ်စကတ်ဘောပြိုင်ပွဲကို ဒီးမော့ဆိုပညာရေးဘုတ်အဖွဲ့နဲ့ ဒေသခံများ ပူးပေါင်း ပြုလုပ်ခဲ့ပါတယ်။
“ပြိုင်ပွဲလုပ်ဖြစ်တာက တကယ်တော့ ဒါက အထူးတလှယ်မဟုတ်ဖူးပေါ့၊ ကျမတို့ ကျောင်းမှာ ကာယအချိန်ဆိုတာ ရှိတယ်လေ၊ ကလေးတွေထဲမှာကလည်း ကိုယ့်ဝါသနာနဲ့ ကိုယ်ရှိကြတယ်၊ ဘောလုံး၊ ဘောလီဘော၊ ခြင်းလုံး၊ ပန်းချီ စသည်ဖြင့်ပေါ့၊ အခု ဒီဘတ်စကတ်ဘောကို ဝါသနာပါတဲ့ ကလေးတွေလည်း များတယ်ဆိုတော့ ဒီပြိုင်ပွဲကို လုပ်ပေးဖြစ်တာပါ၊” လို့ ဒီးမော့ဆိုပညာရေးဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူ ဆရာမတဦးက Karenni’s Voice ကို ပြောပြပါတယ်။
ပြိုင်ပွဲကို ဩဂုတ် ၃၀ ကနေ စက်တင်ဘာ ၁ ရက်နေ့ထိ ၃ ရက်ပြုလုပ်ခဲ့တာဖြစ်ပြီး ညနေကျောင်းဆင်းချိန်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘတ်စကတ်ဘောပြိုင်ပွဲအတွင်း အလယ်တန်းနဲ့ အထက်တန်းကျောင်းသားများ ပါဝင်ပြီး မိန်းကလေး အသင်း ၅ သင်းနဲ့ ယောကျာ်းလေးအသင်း ၂ သင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။
“ကလေးတွေကတော့ အလယ်တန်းများပါတယ်၊ ကျောင်းမှာဆိုလည်း အလယ်တန်းကျောင်းသားက ၅၀၀ ကျော်ရှိတယ်၊ ရွာခံတွေအပြင် စစ်ရှောင်တွေပါ ပါနေတာဆိုတော့၊ အခု ဘတ်စကတ်ဘောပြိုင်ပွဲ လုပ်ပေးတယ်ဆိုတာကလည်း ကျမတို့ ဖြစ်အောင် စီစဥ်တာပဲ ရှိတယ်၊ သင်တန်းဆရာက ဒီရွာခံပဲ၊ သူကလည်း ဆော့ဖူးတယ်ဆိုတော့ ပြန်သင်ပြတယ်၊ ဒီလောက်ပဲပေါ့နော် ဆရာတွေသီးသန့်လဲ မငှားနိုင်ဘူး ၊ ဂျာစီတွေလည်း မဆင်ပေးနိုင်ဖူးပေါ့နော်၊ တချို့ကလေးတွေ ဖိနပ်တောင်မပါတာရှိတယ်၊ ရှေ့တခေါက် ဘောလုံးပြိုင်ပွဲလုပ်ပေးတုန်းကတော့ ကံကောင်းပြီး ဝတ်စုံအလှူရှင် ရသွားသေးတယ်” လို့ ဘုတ်အဖွဲ့ တာဝန်ရှိသူ တဦးက ဆက်လက်ပြောပြခဲ့ပါတယ်။
ဗိုလ်လုပွဲကို ယမန်နေ့ (စက်တင်ဘာ ၁ ရက်) ညနေက ပြုလုပ်ခဲ့ပြီး အနိုင်ရရှိတဲ့ အသင်းမြားကို ဆုချီးမြှင့်ခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်က ပညာရေးလည်ပတ်နိုင်ခြင်းမရှိဘဲ ကိုယ်ထူကိုယ်ထကျောင်းများသာရှိပြီး ကျောင်းသားဦးရေ ၁၅၀၀၀ ကျော် တက်ရောက်လျက် ရှိပါတယ်။
