ဩဂုတ် (၂၈) ရက်၊ ၂၀၂၂ ခုနှစ်၊ သထုံ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) ထိန်းချုပ်ဒေသတွင် ရှေ့တန်းစစ်မြေပြင်မှ တော်လှန်ရေးမဟာမိတ်အဖွဲများသို ပူးပေါင်းဝင်ရောက်လာသည့် တပ်မတော်သားများကို မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများက ပထမဆုံးအကြိမ်အဖြစ် အခမ်းအနားဖြင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီမှဦးစီး၍ ရှေ့တန်းစစ်ပြေပြင်မှ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် လာရောက်ပူးပေါင်းသော ပြည်သူ့တပ်မတော်သားများအား ပထမအကြိမ် ကြိုဆိုဂုဏ်ပြုပွဲကို ကေအဲန်ယူ၊ သထုံခရိုင်၊ တပ်မဟာ (၁) အတွင်း၌ သြဂုတ်လ (၂၈) ရက်နေ့တွင်ကျင်းပပြုလုပ်ပေးခဲ့သည်။
ကေအဲန်ယူ-သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားရာတွင် လာရောက်ပူးပေါင်းသည့်အတွက် ဝမ်းသာဂုဏ်ယူ အသိအမှတ်ပြုကြောင်း၊ လာရောက်ပူးပေါင်းသော ပြည်သူ့တပ်မတော်သားများအနေဖြင့် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် ပူးပေါင်းကာ အာဏာရှင်များကို ပြန်လည်တော်လှန်လိုပါက တော်လှန်နိုင်ပြီး ပူးပေါင်းတော်လှန်ရန် အခက်အခဲရှိလျှင်လည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်ရန် ညှိနှိင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အာဏာရှင်ကိုဖြုတ်ချရန် လက်နက်ကိုင် တိုက်ပွဲဝင်သည့်နည်းလမ်းအပြင် တတ်နိုင်သည့် တစ်ဖက်တစ်လမ်းမှလည်း ပါဝင်လုပ်ဆောင်၍ရကြောင်း ပြောကြားခဲ့သည်။
ထိုအပြင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် လက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိသော ပြည်သူ့တပ်မတော်သားများ အနေဖြင့်လည်း မတရားမှုကိုဆန့်ကျင်ပြီး မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုနှင့် ပူးပေါင်းလိုပါက ယခုကဲ့သိုပင် နွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။
ထိုနောက် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ အတွင်းရေးမှူး (၂)မှ အထူးအစီအစဥ်အနေဖြင့် ဂုဏ်ပြုဆုငွေ ထပ်မံချီးမြှင့်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်း အစီအစဥ်ပြီးနောက် နှုတ်ဆက်ခြင်းဖြင့်အခမ်းအနားအစီအစဥ်အား အောင်မြင်စွာပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သတင်း – ရာမညပြည်သူ့FM
ဓါတ်ပုံ – ပူးပေါင်းလာသော တပ်မတော်သားများအား ဂုဏ်ပြုဆုပေးအပ်စဉ်
