
မတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံးစစ်ဘေးရှောင်နေရတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ စစ်ကောင်စီတပ်က တစ်ရွာလုံးကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာအတွင်းက စာသင်ကျောင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကလေးငယ်တွေမှာ စာသင်ကြားခွင့်မရပဲ စစ်ဘေးရှောင်နေရတာလဲဖြစ်ပါတယ်။ ယခုချိန်မှာ စစ်ရှောင်ကလေးငယ် ၂၂၀ ကျော် စာသင်ကြားရေးအတွက် ဆရာ၊ ဆရာမလုံလောက်မှုရှိပေမဲ့ စာသင်ကြားရေးအတွက်စာရေးကိရိယာနဲ့ စာရေးစားပွဲတွေလိုအပ်နေတယ်လို့ သူကအခုလိုပြောပါတယ်။
“ရှေ့နှစ် ၈ လ ပိုင်းကတည်းသူတို့ကျောင်းတွေ မီးရှို့ခံလိုက်ရတော့ စာမသင်ရဘူး၊ အခုမှပြန်လည် ထူထောင်တာဆိုတော့ စာသင်ကြားပေးနေတာက မကြာသေးဘူး။ အခုကစာသင်ခုံတွေနဲ့သင်ထောက်ကူပစ္စည်းတွေအဓိကလိုနေတာ”လို့ ပြောပါတယ်။
ယခု ကလေးငယ်တွေ စာသင်ကြားရာမှာလဲ အဖီဆွဲပြီးစာသင်ကြားနေရပါတယ်။ မိုးဒဏ်လေဒဏ်ကို ခံနိုင်ရည်မရှိတာကြောင့် ကျောင်းဆောက်လုပ်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“နောက်ပိုင်းမိုးရာသီရောက်ရင် အခုလိုစာသင်ကြားလို့မရတော့ အဖီထိုးပြီနေနေရတာပေါ့ မိုးဒဏ်လေဒဏ်ကိုလဲခံနိုင်မှာမဟုတ်ဘူး အဲ့တာကြောင့် ကျောင်းဆောက်နိုင်အောင် လုပ်ဆောင်နေတယ်”လို့ ပြောပါတယ်။
ကလေး ၂၂၀ မှာ အသက် ၅ နှစ်ကနေ ၁၅ နှစ်အရွယ်တွေဖြစ်ပြီး ယခုအချိန်မှာ မူလတန်းကနေအလယ်တန်းထိ စာသင်ကြားပေးနေရတယ်လို့ ဆိုပါတယ်။ အခုလိုပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပကအလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း S&C အဖွဲ့မှတာဝန်ရှိသူတစ်ဦးက မေတ္တာရပ်ခံထားပါသေးတယ်။
S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲဲ့ဟာ ယခုလထဲမှာ ကျောင်း၂ ကျောင်း တည်ဆောက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ ကျောင်းပေါင်း ၁၃ ကျောင်းအတွက် ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး အခုချိန်မှာလဲ ကျောင်းတိုင်းကို ကွန်ပျူတာသင်တန်းတွေပေးနိုင်ဖို့ ဆရာမတွေကို သင်တန်းပေးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

သတင်း- နော်ဖူးဖူး
ဓါတ်ပုံ – S&C