ကော့ကရိတ်မြို့အနီးကျေးရွာတွေက ပြည်သူ့နေအိမ်တွေမှာ စစ်ကောင်စီတပ်က တပ်စွဲပြီး လက်နက်ကြီးနဲ့ပစ်ခတ်

သြဂုတ်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတစ်ဝိုက်ရှိကျေးရွာက ပြည်သူ့နေအိမ်တွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတာပါ။

လက်ရှိအချိန် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာထဲက ပြည်သူ့နေအိမ်တွေမှာ တပ်စွဲထားပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က ကမိုင်ကုန်းကြူခုံနားကခြံဝိုင်းထဲ ကားကိုရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ ပစ်နေတာ၊ မသင်္ကာလို့ RPG နဲ့ထုရင် အချောင်ပြည်သူက ခံရဦးမယ်၊ သူတို့သေမှာကျကြောက်ကြတယ်၊ ပြည်သူ့အိမ်ထဲကနေပစ်တယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပြင် ကော့ကရိတ်မြို့ အနီးတစ်ဝိုက်က ကျေးရွာတွေမှာလည်း ကင်းပုန်းချထားပြီး ညဘက်တွေမှာ ကော့ကရိတ်မြို့ထဲကို စစ်ကားတွေနဲ့ ကင်းလှည့်တာတွေကိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စစ်သားတွေက ချောင်းတောင်ဘက်မှာ ကင်းချထားတယ်လေ၊ ကင်းညနေဆို ပတ်တယ်၊ မနေ့ကိုဆို ၄ စီးလောက်ရှိတယ်၊ ချောင်းတောင်ဘက်ခြမ်းကနေလာတာ၊ အာရှလမ်းဘက်ကိုတော့ မသွားရဲဘူး၊ ဟိုတစ်နေ့ကဆို ပြည်သူ့နေအိမ်ထဲကပစ်တာ မောင်းမလက်ဖက်ရည်ဆိုင် ချောင်းနားကိုအလုံးကြီးကျတာ၊ လူမထိလို့ တော်သေးတယ်” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေယာဥ်နဲဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဇူလိုင်လ တစ်လအတွင်း ကော့ကရိတ်မြို့နယ်ထဲက ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန် ၁၂ ကောင် သေဆုံးက ပြည်သူ့နေအိမ် ၅ လုံးပျက်စီးခဲ့ရပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)